တူနီးရှားတင်းနစ်မယ် အွန် ဂျာဘားဟာ ဒဏ်ရာပြဿနာကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲ ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ဩဂုတ်လ ၂၂ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
အခုလ အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ စီးတီးအိုးပင်းပြိုင်ပွဲကို လွဲချော်ခဲ့ရတဲ့ ဂျာဘားဟာ အခုရာသီရဲ့ နောက်ဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ယူအက်အိုးပင်းမှာ ပါဝင်ယှဉ်ပြိုင်နိုင် ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဂျာဘားဟာ အခုနှစ်အတွင်းမှာ ပခုံးဒဏ်ရာရခဲ့သလို ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကိုလည်း ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာပါ။

ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ကို နှစ်ကြိမ် တက်ရောက်ထားခဲ့ဖူးတဲ့ ဂျာဘားဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ တိုရွန်တိုအိုးပင်းမှာလည်း ဒုတိယ အဆင့်ကနေပဲ ပြိုင်ဘက်တင်းနစ်မယ် အိုဆာကာကို ရှုံးနိမ့်ပြီး ထွက်ခွာထားရပါတယ်။
ဒဏ်ရာပြဿနာတွေ ကြောင့် ထွက်ခွာသွားခဲ့တဲ့ ဂျာဘားရဲ့နေရာမှာ ဘယ်လ်ဂျီယံတင်းနစ်မယ် မာတန်းစ်က ဆီဒင်အဆင့် ၃၃ အဖြစ်နဲ့ အစားဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲတွေ ယှဉ်ပြိုင်နေဆဲ ဖြစ်တာကြောင့် ပထမအဆင့်မှာ တွေ့ဆုံရမယ့် ပြိုင်ဘက်ကတော့ ထွက်ပေါ်လာတာ မရှိသေးပါဘူး။
ယူအက်စ်အိုးပင်းပြိုင်ပွဲကို ဩဂုတ်လ ၂၆ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။