အင်တာမီလန်အသင်းကို ယုံကြည်မှုအပြည့်နဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပိုလန်ကွင်းလယ်လူ ဇီလင်စကီးက ပြောကြားခဲ့ပါတယ်။
အသက် ၃၀ အရွယ် ဇီလင်စကီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက နာပိုလီအသင်းနဲ့အတူ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အခုနွေရာသီမှာ အင်တာမီလန်အသင်းဆီကို ၃ နှစ် စာချူပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
နာပိုလီအသင်းနဲ့ စီးရီအေမှာဖြတ်သန်းခဲ့တဲ့ ၈ နှစ်တာကာလအတွင်း စီးရီးအေရဲ့ အကောင်းဆုံးကွင်းလယ်လူအဖြစ် သက်သေပြနိုင်ခဲ့တဲ့ ဇီလင်စကီးဟာ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ နာပိုလီအသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

အင်တာမီလန်နည်းပြ အင်ဇာဂီနဲ့ စကားပြောဆို ပြီးနောက်မှာ အင်တာမီလန်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေကို ယုံကြည်တာကြောင့် ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဇီလင်စကီးက ပြောပါတယ်။
၈ နှစ်ကြာ ကျင်လည်ခဲ့တဲ့ နေရာတစ်ခုကနေ နောက်ထပ်နေရာ သစ်တစ်ခုကို ရွှေ့ပြောင်းလာရတာက အနည်းငယ်ခက်ခဲခဲ့ပေမယ့် အသင်းဖော်သစ်တွေရဲ့ ကူညီမှုကြောင့် အမြန်ဆုံး အထိုင်ကျမယ်ဆိုတာကို ယုံကြည်ထားတယ်လို့လည်း ဇီလင်စကီးက ပြောသွားခဲ့ပါတယ်။