မွန်တာရေးအိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီးနောက် ချက် တင်းနစ်မယ် နော့စ်ကိုဗာဟာ ကစားသမားဘဝ ပထမဆုံး WTA တိုးချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ နော့စ်ကိုဗာနဲ့ နယူးဇီလန်တင်းနစ်မယ် လူလူဆန်းတို့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကလည်း အကြိတ်အနယ် ရှိခဲ့ပါတယ်။
နော့စ်ကိုဗာဟာ ဆီမီး ဖိုင်နယ်အဆင့်မှာ ဆီဒင်အဆင့်-၂ ရထားတဲ့ နာဗာရိုးကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်လာခဲ့တာပါ။
ပထမပွဲလတ်မှာ လူလူဆန်းက နော့စ်ကိုဗာ ကို အခက်တွေ့အောင် လိုက်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ နော့စ်ကိုဗာရဲ့ ရိုက်ချက်တွေအောက်မှာ လူလူဆန်း ရုန်းကန်ခဲ့ရပါတယ်။
ပွဲကစားချိန် ၂ နာရီနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်အပြီးမှာ အသက် ၁၉ နှစ်အရွယ် နော့စ်ကိုဗာက (၇း၆၊၆း၄) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နော့စ်ကိုဗာအနေနဲ့ အခုပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ချိန်မှာ ကမ္ဘာ့အဆင့် ၃၅ နေရာမှာသာ ရပ်တည်ထားနိုင်ခဲ့ပေမယ့် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဩဂုတ်လ ၂၆ ရက် မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ အဆင့် ၂၅ နေရာကို ရောက်လာခဲ့ပါတယ်။
နော့စ်ကိုဗာဟာ ဩဂုတ်လ ၂၈ ရက်မှာ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်အဖြစ် ဆီဒင်အဆင့်-၃၀ ရထားတဲ့ ကာဇက်စတန်တင်းနစ်မယ် ပူတင်ဆီဗာနဲ့ ကစားရမှာဖြစ်ပါတယ်။