လစ်လပ်နေတဲ့မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနည်းပြနေရာမှာ လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်လိုက်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြေညာပါတယ်။
ဂျာမန်လူမျိုးနည်းပြမိုက်ကယ်ဖိုင်တန်ဘိုင်နာနဲ့လမ်းခွဲထားတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အများထင်ကြေးပေးနေသလို နိုင်ငံခြားသားနည်းပြထပ်မခန့်ဘဲ လက်ရွေးစင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်းကိုခန့်အပ်လိုက်တာပါ။

ဦးမျိုးလှိုင်ဝင်းရဲ့စာချုပ်သက်တမ်းကိုတော့ ဖော်ပြထားတာမရှိပေမယ့် ၂၀၂၄-၂၅ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတွေကစားဖို့ရှိနေတဲ့မြန်မာအသင်းကို ဦးဆောင်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။
ဦးမျိုးလှိုင်ဝင်းရဲ့ ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်အဖွဲ့တွေ ဖွဲ့စည်းပြီးသွားရင် စင်ကာပူ၊ လက်ဘနွန်စတဲ့အသင်းတွေအပါအဝင် ဖီဖာနိုင်ငံတကာခြေစမ်းပွဲတွေ ဦးစွာကစားမှာဖြစ်ပြီး အဲ့ဒီနောက် AFF Mitsubishi Electric Cup 2024ပြိုင်ပွဲ၊ ၂၀၂၅ခုနှစ်မတ်လကစတင်ပြီး ၂၀၂၇အာရှဖလားခြေစစ်ပွဲစဉ်တွေ၊ ဖီဖာနိုင်ငံတကာခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တယ်လို့ကြေညာထားပါတယ်။
ဦးမျိုးလှိုင်ဝင်းဟာ ၁၉၈၇ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပွဲပေါင်းများစွာကစားပေးခဲ့သူဖြစ်ပြီးပြည်တွင်းမှာသာမက အာဆီယံဒေသတွင်းမှာပါ ကျော်ကြားခဲ့တဲ့လက်ရွေးစင်ဟောင်းဖြစ်ပါတယ်။
ဓာတ်ပုံ-MFF