၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ မြောက်ကိုရီး ယားအသင်းတို့ ဇွန်လ ၁၁ ရက် ညပိုင်းက လာအိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

မြောက်ကိုရီးယားအသင်းအတွက် ဂိုးတွေကို Ri Jo Guk က ဟက်ထရစ်နဲ့ Ri Il Song က တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ကွင်းလယ်ကစားသမား ဝေလင်းအောင်က သွင်းယူပေးခဲ့တာပါ။
အုပ်စုပွဲစဉ် ၆ ပွဲစလုံး ယှဉ်ပြိုင်ကစားအပြီးမှာတော့ ဂျပန်အသင်းက ၁၈ မှတ်နဲ့ အုပ်စုပထမ၊ မြောက်ကိုရီးယား အသင်းက ၉ မှတ်နဲ့ အုပ်စုဒုတိယရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက် သွားခဲ့ကြပါတယ်။

မြန်မာအသင်းကတော့ ခြောက်ပွဲကစား တစ်ပွဲသရေ၊ ငါးပွဲရှုံးပြီး ရမှတ် ၁ မှတ်သာရခဲ့လို့ အုပ်စုနောက်ဆုံး အဆင့် ၄ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။