၁၅ နှစ်ကြာမြင့်ခဲ့တဲ့ ကစားသမားဘဝကို နှုတ်ဆက်တော့မယ့် တိုက်စစ်မှူး အဲလက်စ်မော်ဂန်ရဲ့ နှုတ်ဆက်ပွဲကို ပရိသတ်များစွာ လာရောက်အားပေးခဲ့ကြပါတယ်။
အသက် ၃၅ နှစ်အရွယ် မော်ဂန်ဟာ မေဂျာလိဂ် အမျိုးသမီး ကလပ်အသင်းဖြစ်တဲ့ ဆန်ဒီယေဂိုဝေ့ဗ်အသင်းနဲ့ မြောက်ကာရိုလိုင်းနားအသင်းတို့ပွဲက သူ့ရဲ့နောက်ဆုံးပွဲ ဖြစ်တယ်လို့ ပြောကြားထားခဲ့တာပါ။
ဒါ့ကြောင့် အဲဒီပွဲကို ပရိသတ်များစွာ လာရောက်အားပေးခဲ့ကြသလို ပွဲမစခင်မှာလည်း ဆန်ဒီယေဂိုဝေ့ဗ်အသင်းက မော်ဂန်အတွက် အထိမ်းအမှတ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။

မော်ဂန်အနေနဲ့ ရာသီကုန်မှ အနားယူဖို့ကို ဆုံးဖြတ်ထားခဲ့ပေမယ့် ဒုတိယမြောက် ရင်သွေးကို ကိုယ်ဝန်ဆောင်ထားရပြီလို့ သိရပြီးနောက် အခုလိုမျိုး အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မြောက်ကာရိုလိုင်းနားအသင်းနဲ့ပွဲမှာ မော်ဂန်ဟာ ဒုတိယပိုင်းမှသာ လူစားဝင် ကစားခွင့်ရခဲ့တာဖြစ်ပြီး ပွဲချိန်အတွင်း ပင်နယ်တီကန်ခဲ့ရာမှာလည်း သူ့ရဲ့ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ နှစ်ဖက်အသင်းသားတွေဟာ အမေရိကန် အမျိုးသမီးလက်ရွေးစင် အသင်းသမိုင်းရဲ့ သွင်းဂိုးအများဆုံးဖြစ်တဲ့ မော်ဂန်ကို နှုတ်ဆက်တာတွေ ပြုလုပ်သွားခဲ့ပါတယ်။