အမေရိကန်နောက်ခံလူ တင်မ်ရီးမ်ဟာ ဖူလ်ဟမ်အသင်းကနေ မေဂျာလိဂ်ကလပ် ချာလော့တီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် တင်မ်ရီးမ်ဟာ ဖူလ်ဟမ်အသင်းနဲ့အတူ ဘောလုံးရာသီ ၉ ခုကို ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ပွဲပေါင်း ၃၁၂ ပွဲ ကစားပေးခဲ့သူ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်လက်ရွေးစင်အသင်းအတွက် ၄ ပွဲစလုံး ပါဝင်ကစားပေးခဲ့သလို ပြီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း အိမ်ရှင်အမေရိကန်အသင်းအတွက် ပွဲတိုင်းပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

တင်မ်ရီးမ်ဟာ ချာလော့တီအသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုခဲ့သလို နောက်ထပ် တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့်ကိုလည်း သဘောတူညီမှုရထားတာ ဖြစ်ပါတယ်။
အသင်းရဲ့ ကစားသမားမဟုတ်တော့ပေမယ့် ဖူလ်ဟမ်ရဲ့ အမာခံပရိသတ်အဖြစ် ဆက်ရှိနေမှာ ဖြစ်တယ်လို့ တင်မ်ရီးမ်က ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် ချာလော့တီအသင်းနဲ့အတူ မေဂျာလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ကို ကြိုးစားသွားမယ်လို့လည်း အသင်းသစ်နဲ့ ပထမဆုံးအင်တာဗျူးမှာ တင်မ်ရီးမ်က ပြောသွားခဲ့ပါတယ်။ အမေရိကန်လက်ရွေးစင်အသင်းအတွက် ၆၁ ပွဲကစားပေးထားတဲ့ တင်မ်ရီးမ် ရောက်ရှိလာမှုက အသင်းခံစစ်ကို ပြည့်စုံစေပါလိမ့်မယ်လို့လည်း ချာလော့တီနည်းပြ ဇိုရန်က ပြောထားပါတယ်။