အမျိုးသား မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြေးပွဲတွေမှာ ကမ္ဘာ့ချန်ပီယံဆုတွေရယူထားတဲ့ အမေရိကန်နိုင်ငံသား လိုင်လက်စ်ဟာ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အတ္တလန္တာစီးတီး မီတာ ၁၅၀ ပြေးပွဲမှာလည်း အနိုင်ရခဲ့ပါတယ်။ လိုင်လက်စ်ဟာ ပြိုင်ဘက်ကစားသမားတွေကို နောက်မှာဖြတ်ထားနိုင်ခဲ့ပြီး ၁၄ ဒသမ ၄၁ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာ ဖြစ်လို့ မီတာ ၁၅၀ ပြေးပွဲမှာလည်း အကောင်းဆုံးပုံစံကို ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။


ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်မှာ တတိယကြေးတံဆိပ်သာရခဲ့တဲ့ လိုင်လက်စ်အနေနဲ့ လာမယ့် ပဲရစ်အိုလံပစ်မှာ ပိုကောင်းတဲ့ ရလဒ်မျိုးကို ရယူနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားတယ်ဆိုတာ အခုပွဲက သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။
လိုင်လက်စ်အနေနဲ့ အခုနိုင်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဘာမြူဒါပြေးပွဲရဲ့ မီတာ ၁၀၀ ပြေးပွဲမှာ ချန်ပီယံဆုကို ရယူထား နိုင်ခဲ့တာဖြစ်ပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ အခုထက် ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ယှဉ်ပြိုင် နိုင်ဖို့ကို ကြိုးစားသွား မယ်လို့ လိုင်လက်စ်က ပြောသွားခဲ့ပါတယ်။