သြစတြေးလျနိုင်ငံ မြောက်ပိုင်းမှာ မိကျောင်းတိုက်ခိုက်ခံရတဲ့ ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ရုပ်ကြွင်းလို့ ယူဆရတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ညလုံးပေါက် အပြင်းအထန် ရှာဖွေခဲ့ပေမယ့် ဖြစ်နိုင်ခြေ အဆိုးဆုံးရလဒ်အနေနဲ့ မြစ်ကြမ်းပြင်မှာ တွေ့ရတဲ့ ရုပ်ကြွင်းတစ်ခုကို ပြန်လည် ဆယ် တင်ခဲ့တယ်လို့ ရဲအရာရှိတစ်ယောက်က ရှင်းပြခဲ့ပါတယ်။

မြောက်ပိုင်းနယ်မြေမြို့တော် ဒါဝင်ကနေ ၇ နာရီကြာ သွားရတဲ့ ဝေးလံခေါင်သီပြီး လူ ၃၅၀ လောက် နေထိုင်တဲ့ ဒေသက အဲဒီကလေးငယ်ဟာ ဇူလိုင် ၂ ရက်က ရေကူး ရင်း ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။ ကလေးငယ်ဟာ မိသားစု အားလပ်ရက် အပန်းဖြေ အနားယူနေရင်း ချောင်းငယ်တစ်ခုထဲ ရေဆင်းကူးခဲ့တာပါ။
အဲဒီဧရိယာမှာ အနက်ရောင် မိကျောင်းတစ်ကောင် တွေ့ရှိခဲ့တယ်လို့ ရဲတွေက ABC ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။

ဗြိတိန်ရဲ့ ကုန်းမြေဧရိယာထက် ခြောက်ဆကျော် အရွယ်အစားရှိတဲ့ မြောက်ပိုင်းနယ်မြေမှာ မိကျောင်းကောင်ရေ ၁၀၀၀၀၀ ကျော် ရှိပေမယ့် လူသေအောင် တိုက်ခိုက်မှု အလွန်ရှားပါးပါတယ်။ အဲဒီမိကျောင်းတွေဟာ အရှည်ပေ ၂၀ အထိ ကြီးထွားနိုင်တယ်လို့ သိရပါတယ်။