မန်စီးတီးအသင်းဟာ အီဂျစ်တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ခေါ်ယူဖို့အတွက် ဖရန့်ဖတ်အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ ဆွေးနွေးမှုတွေအပြီးမှာ မာမွတ်ရှ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ မန်စီးတီးနဲ့ ဖရန့်ဖတ်အသင်းတို့အကြား သဘောတူညီမှုရခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

၂၀၂၃ မှာ ဝုဖ်ဘတ်အသင်းကနေ ဖရန့်ဖတ် အသင်းကို ရောက်လာခဲ့တဲ့ မာမွတ်ရှ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုရာသီမှာလည်း မာမွတ်ရှ်က ဖရန့်ဖတ်အတွက် ဘွန်ဒက်စ်လီဂါ ၁၅ ဂိုးအပါအဝင် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ သွင်းယူပေးထားနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဆာဗင်ဟို တစ်ဦးတည်းကို သာ ခေါ်ထားခဲ့တဲ့ မန်စီးတီးအသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာတော့ လူသစ်ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ဥဇဘက်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ်ကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ သလို အခု မာမွတ်ရှ်ကိုလည်း ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မန်စီးတီးအသင်းဟာ ဂျူဗင်တပ် အသင်းရဲ့ ညာနောက်ခံလူ ကမ်ဘီယာဆိုကိုလည်း ခေါ်ယူဖို့အတွက် ကြိုးစားသွားဖွယ်ရှိနေတယ်လို့ သတင်းတွေ က ဖော်ပြနေကြပါတယ်။