အင်္ဂလန် စနူကာ ကစားသမား အို ဆူလီဗန်ဟာ ကျန်းမာရေးပြဿနာကြောင့် အခုနှစ် မာစတာပြိုင်ပွဲ ချန်ပီယံဆု ကို ကာကွယ်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၄၉ နှစ်အရွယ် အို ဆူလီဗန်ဟာ မာစတာပြိုင်ပွဲ ချန်ပီယံဆုကို ၈ ကြိမ်ရယူထားသူဖြစ်ပြီး အခုနှစ်မှာ စံချိန်တင်အဖြစ် ၉ ကြိမ်မြောက်ရယူနိုင်ဖို့ ရည်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနှစ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲအဖြစ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဟစ်ဂင်းစ်နဲ့ ပွဲမတိုင်ခင်မှာပဲ ပြိုင်ပွဲကနေ အို ဆူလီဗန် နုတ်ထွက်သွားခဲ့တာပါ။ ကမ္ဘာ့အဆင့်ထိပ်တန်း ၁၆ ဦးကိုသာ ဖိတ်ခေါ်ယှဉ်ပြိုင်စေတဲ့ အခုပြိုင်ပွဲမှာ နုတ်ထွက်သွားခဲ့တဲ့ အို ဆူလီဗန်ရဲ့နေရာမှာ နေးလ်ရောဘတ်ဆန်ကို အစားထိုးဝင်ရောက်ခွင့် ပြုခဲ့တယ်လို့ ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်မှာ မာစတာချန်ပီယံဆုကို စတင် ရယူနိုင်ခဲ့ပြီးနောက် အသက်အငယ်ဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အို ဆူလီဗန်ဟာ ပြီးခဲ့တဲ့နှစ် မာစတာ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် အသက်အကြီးဆုံး ချန်ပီယံအဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ ပါတယ်။ လက်ရှိကမ္ဘာ့အဆင့်-၃ မှာ ရပ်တည်နေတဲ့ အို ဆူလီဗန်ကတော့ လာမယ့်ပြိုင်ပွဲတွေမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။