ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှာ တွက်ချက်ခဲ့တဲ့ စာရင်းအနှစ်ချုပ်အရ ပြီးခဲ့တဲ့ (၂၀၂၃-၂၀၂၄)ဘောလုံးရာသီအတွင်း ပေါင်(၁၁၃)သန်း အရှုံးပေါ်ခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့(၂၀၂၁-၂၀၂၂)ဘောလုံးရာသီမှာ ပေါင်(၁၁၅)သန်း အရှုံးပေါ်ခဲ့သလို (၂၀၂၂-၂၀၂၃)ဘောလုံးရာသီမှာလည်း ပေါင်(၂၈)သန်း အရှုံးပေါ်ခဲ့တာပါ။
ဒါကြောင့် မန်ယူအသင်းဟာ ပြီးခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း ပေါင်သန်း(၃၇၀)အရှုံးပေါ်ခဲ့တယ်လို့ တွက်ချက်မှုတွေအရ သိရပါတယ်။

ပရီးမီးယား လိဂ်ဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းတွေဟာ (၃)နှစ်အတွင်း ပေါင်(၁၀၅)သန်းထက် ပိုပြီး အရှုံးပေါ်လို့ မရဘူး လို့ သတ်မှတ်ထားတာကြောင့် မန်ယူအသင်းအနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့လည်း မန်ယူအသင်းရဲ့အမှုဆောင်အရာရှိ အိုမာဘရာဒါက ဒီစာရင်းမှာ အသင်းရဲ့အသုံးစရိတ် အားလုံးကို ထည့်သွင်းတွက်ချက်ထားတာမျိုး မဟုတ်သလို ထပ်ရစရာဝင်ငွေတွေလည်း ရှိသေးတဲ့အတွက်ကြောင့် ပရီးမီးယားလိဂ်နဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖျက်ဖွယ် မရှိဘူးလို့ ပြောကြားထားပါတယ်။