အခုနွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဥရုဂွေးကွင်းလယ်လူ အူဂါတေးဟာ စက်တင်ဘာလ(၂)ရက်နေ့မှာ မန်ယူအသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်ခန်း စဆင်းခဲ့ပါတယ်။
အူဂါတေးဟာ နွေရာသီ အပြောင်းအရွှေ့ ပြီးဆုံးခါနီးမှ မန်ယူအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ မန်ယူအသင်းဟာ အူဂါတေးကိုခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းကို အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ကျော် ပေးချေသွားရမှာ ဖြစ်ပါတယ်။

အခုအချိန်က နိုင်ငံတကာပွဲစဉ်တွေ ကစားရဖို့ရှိတာကြောင့် အူဂါတေးဟာ မန်ယူအသင်းရဲ့ လူငယ်ကစားသမားတွေနဲ့သာ လေ့ကျင့်နေရတာ ဖြစ်ပါတယ်။ အူဂါတေးဟာ ပြီးခဲ့တဲ့(၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းရဲ့ပွဲစဉ်တိုင်းကို ပါဝင်ကစားပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်ယူအသင်းကခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ ကွင်းလယ်ကလည်း အခုရာသီမှာ လိုအပ်ချက်တချို့ ရှိနေတာကြောင့် အူဂါတေးကိုခေါ်ယူနိုင်ခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။