မန်စီးတီးအသင်းကို ရောက်ရှိလာတာက ကစားသမားဘဝ တိုးတက်ဖို့နဲ့ အသင်းကို ချန်ပီယံဆုဖလားတွေ ရယူရာ မှာ ကူညီပေးနိုင်ဖို့ ဖြစ်တယ်လို့ နောက်ခံလူသစ် ခူဆာနော့ဗ်က ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ် ဥဇဘက်နောက်ခံလူ ခူဆာနော့ဗ်ဟာ မန်စီးတီးအသင်းကို ၄ နှစ်ခွဲစာချုပ်နဲ့ပြောင်းရွှေ့လာတာဖြစ်ပြီး ပြောင်းရွှေ့ ကြေး ပေါင် ၃၃ ဒသမ ၆ သန်းအပြင် အပိုဆုကြေးပါ မန်စီးတီးအသင်း ပေးရမှာ ဖြစ်ပါတယ်။ မန်စီးတီးလို အသင်း နဲ့ ပူးပေါင်းခွင့်ရတာက ပျော်ရွှင်စရာကောင်းသလို အသင်းနဲ့အတူ ကစားသမားဘဝ တိုးတက်မှု တွေရလာမယ်လို့ ယုံကြည်ကြောင်း အသင်းသစ်နဲ့ အင်တာဗျူးမှာ ခူဆာနော့ဗ်က ပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဆုဖလားတွေ ရရှိဖို့အတွက် ကြိုးစားနေတဲ့ အသင်းဖြစ်ပြီး အသင်းကို ဆုဖလားတွေ ရယူနိုင်အောင် အကောင်းဆုံး ကူညီပေးသွားမှာဖြစ်တယ်လို့ ခူဆာနော့ဗ်က ပြောပါတယ်။ ပရီးမီးယားလိဂ်ကို နောက်ထပ် ဥဇဘက်ကစ္စတန် ကစားသမားတွေ ရောက်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပထမဆုံး ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်တဲ့ ခူဆာနော့ဗ်ဟာ မန်စီးတီးအသင်းမှာ ကျောနံပါတ် ၄၅ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။