ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က သူ့လက်ထက်မှာ ဘာစီလိုနာအသင်းကစားဟန်ကို အနည်းငယ် ပြောင်းလဲဖို့ ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။
ဂျာမနီလူမျိုးနည်းပြ ဖလစ်ဟာ ရာသီအကုန်မှာ ဘာစီလိုနာ နည်းပြအဖြစ်က နုတ်ထွက်သွားခဲ့တဲ့ ဇာဗီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်း ကို စိတ်ကြိုက်ပုံသွင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ရိုးရာကစားဟန်လိုဖြစ်နေတဲ့ ဘောလုံး ပိုင်ဆိုင်မှုအသားပေးတဲ့ ကစားဟန်ထက် သွင်းဂိုးတွေ များများရနိုင်ဖို့အတွက် ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဖိအားပေးတဲ့ ကစားဟန်ကို အသုံးပြုဖို့ ဖလစ်က အလိုရှိနေတာပါ။

ဂျာမနီလက်ရွေးစင်နည်းပြဟောင်း ဖလစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို တာဝန်ယူစဉ်အချိန်က အဲဒီကစားဟန်နဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အသင်းရဲ့ ရိုးရာကစားဟန်ကို အသုံးမပြုလိုတာမဟုတ်ဘဲ နည်းစနစ်ရှုထောင့်အရ လိုအပ်သလို ပြင်ဆင်မှုတွေကို ပြုလုပ်ဖို့ လုပ်ဆောင်နေခြင်းသာ ဖြစ်တယ်လို့လည်း ရှင်းပြသွားခဲ့ပါတယ်။
နည်းပြဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ ရာသီကြို ခြေစမ်းကာလရဲ့ ပထမဆုံးခြေစမ်းပွဲအဖြစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ မန်စီးတီး အသင်းနဲ့ အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့မှာ ကစားမှာ ဖြစ်ပါတယ်။