ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို (၂၀၂၇)ခုနှစ်အထိ စာချုပ် သက်တမ်း တိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ ဩဂုတ်လ(၁၄)ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်သက်တမ်းက (၁)နှစ်သာ ကျန်ရှိတော့တာကြောင့် မန်ယူအသင်းက စာချုပ်သစ်ချုပ်ဖို့ လုပ်ဆောင်ခဲ့တာပါ။
မန်ယူအသင်းအတွက် ကစားပေးရတာက ဂုဏ်ယူဖို့ကောင်းသလို အသင်းရဲ့အနာဂတ်က ပိုကောင်းလာမှာ ဖြစ်တာကြောင့် ဦးဆောင်ပေးသွားမယ်လို့ ဘရူနိုဖာနန်ဒက်စ်က စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်သလို စာချုပ်ထဲမှာ (၁)နှစ်သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
မန်ယူအသင်း ကို (၂၀၂၀)ပြည့်နှစ်မှာ ရောက်လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက်ပြိုင်ပွဲစုံ (၂၃၄)ပွဲ ကစားပေးခဲ့ပြီး (၇၉)ဂိုးသွင်းယူကာ (၆၇)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။