အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၃-၂၄ ဘတ်စကက်ဘော ချန်ပီယံရှစ် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကွန်နက်တီကက် တက္ကသိုလ် အမျိုးသား ဘတ်စကက်ဘောအသင်းသားတွေကို စက်တင်ဘာ ၁၀ ရက်နေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး ချီးကျူးစကားပြောသွားခဲ့ပါတယ်။

အမျိုးသားကောလိပ် ဘတ်စကက်ဘော ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၇ နှစ်အတွင်း ပထမဆုံး ၂ ကြိမ်ဆက် ချန်ပီယံအဖြစ် စွမ်းဆောင်နိုင်ခဲ့တဲ့ ကွန်နက်တီကက် အသင်းရဲ့ စွမ်းဆောင်မှုအတွက် ချီးကျူးလိုက်ပါတယ်လို့ သမ္မတ ဘိုင်ဒန်က မိန့်ခွန်းအစမှာ ပြောသွားခဲ့ပါတယ်။

အဲဒီနောက်မှာ သမ္မတ ဘိုင်ဒန်က အမျိုးသားပြိုင်ပွဲ ချန်ပီယံ ကွန်နက်တီကက် တက္ကသိုလ်အသင်းနဲ့ အမျိုးသမီး ပြိုင်ပွဲချန်ပီယံ ကာရိုလိုင်းနားအသင်းတို့ကို ရွေးချယ်ခဲ့တဲ့အတွက် ငွေကြေးအမြောက်အမြား ရလိုက်တယ်လို့လည်း နောက်ပြောင်သွားခဲ့ပါသေးတယ်။

ကွန်နက်တီကက်အသင်းနည်းပြ ဒန်ဟာလေက အိမ်ဖြူတော်ကို ဖိတ်ခေါ်ခံရ ပြီး သမ္မတဘိုင်ဒန်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို နှစ်စဉ်နှစ်တိုင်း လာရောက်ခွင့်ရနိုင်ဖို့ကိုလည်း ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။