၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ငွေတံဆိပ်အပါအဝင် ဗြိတိန်အသင်းအတွက် အိုလံပစ်ဆုတံဆိပ် ၅ ခု ရယူ ပေးနိုင်ခဲ့တဲ့ တွမ်ဒါလေးဟာ ကစားသမားဘဝက အနားယူပြီလို့ ပြောသွားခဲ့ပါတယ်။
အသက်၃၀ အရွယ် ဒါလေး ဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသား နှစ်ယောက်တွဲ ဒိုင်ဗင်ပွဲစဉ်မှာ နိုအာဝီလျံနဲ့အတူ ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ ငွေတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၁၄ နှစ်အရွယ် ၂၀၀၈ အိုလံပစ်မှာ ပထမဆုံးအကြိမ် ဝင်ပြိုင်ခဲ့တဲ့ ဒါလေးဟာ ၂၀၁၂ နဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွေမှာ ကြေးတံဆိပ်၊ ၂၀၂၀ တိုကျိုအိုလံပစ်မှာ ရွှေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု ရယူထားခဲ့သလို အခု ၂၀၂၄ အိုလံပစ်မှာလည်း ငွေတံဆိပ်တစ်ခုကို ဗြိတိန်အိုလံပစ်အသင်းအတွက် ရယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကစားသမားဘဝ စွမ်းဆောင်ပေးနိုင်ခဲ့မှုတွေအတွက် စိတ်ကျေနပ် ပျော်ရွှင်ရသလို နှုတ်ဆက်ရတာက ခက်ခဲပါတယ်။ ဒါပေမဲ့ အခုချိန်က မိသားစုကို အချိန်ပေးရတော့မှာဖြစ်လို့ အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်လို့ တွမ်ဒါလေးက ပြောသွားခဲ့ပါတယ်။
၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီးနောက် ကစားသမားဘဝက ၂ နှစ်ကျော်ကြာ အနားယူခဲ့တဲ့ ဒါလေးဟာ သားဖြစ်သူရဲ့ တိုက်တွန်း မှုကြောင့် အားကစားလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့တာဖြစ်ပါတယ်။