ဗင်နီဇွဲလားလူငယ် ၂ ဦးကို မေဂျာလိဂ် ဘေ့စ်ဘောအသင်းတွေက ဒေါ်လာသန်းချီတန်တဲ့ ဆုကြေးတွေနဲ့ ခေါ်ယူ လိုက်တယ်လို့သိရပါတယ်။
ဂျို့စ် ပါဒိုမိုနဲ့ ရိုဒရီဂွက်ဇ်တို့ဟာ အသက် ၁၇ နှစ်အရွယ်တွေသာရှိသေးပြီး မေဂျာလိဂ် ဘေ့စ်ဘောအသင်းတွေဖြစ်ကြတဲ့ အတ္တလန္တာ ဘရေ့ဗ်အသင်းနဲ့ နယူးယော့ခ်မက်စ်အသင်းတို့ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ဘေ့စ်ဘောအားကစားက ရေပန်းစားခဲ့ပြီး မေဂျာလိဂ်ဘေ့စ်ဘော အသင်းတွေဟာ နိုင်ငံအတွင်းမှာ အကယ်ဒမီတွေလာရောက်ဖွင့်ထားတဲ့အထိ လူစိတ်ဝင်စားမှုမြင့်မားခဲ့တာ ဖြစ်ပါတယ်။
ပါဒိုမိုနဲ့ ရိုဒရီဂွက်ဇ်တို့ကလည်း အဆိုပါအကယ်ဒမီတွေမှာ ဘေ့စ်ဘောအားကစားနည်းကို လေ့လာ ခွင့်ရခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဒေါ်လာသန်းချီတန်တဲ့ ဘေ့စ်ဘောကစားသမားတွေဖြစ်လာကြပြီ ဖြစ်ပါတယ်။
ပါဒိုမိုက အသက် ၃ နှစ်အရွယ်ထဲက ဖခင်ဖြစ်သူနဲ့အတူ ဘေ့စ်ဘောကို စတင်ကစားခဲ့တာဖြစ်ပြီး သူနဲ့ အတ္တလန္တာ ဘရေ့ဗ်အသင်းတို့ရဲ့စာချုပ်ထဲမှာ ဆုကြေးဒေါ်လာ ၅ သန်းအထိ ပိုင်ဆိုင်ခွင့်ရမယ်လို့ သဘောတူညီထားပါတယ်။
ရိုဒရီဂွက်ဇ်ကတော့ နယူးယော့ခ်မက်စ်အသင်းနဲ့ စာချုပ်ထဲမှာ ဆုကြေး ဒေါ်လာ ၂ ဒဿမ ၈ သန်း ခံစားခွင့်ရမယ် လို့ စာချုပ်ချုပ်ထားပါတယ်။