ဝက်စ်ဟမ်းအသင်းဟာ ဒေါ့မွန်အသင်းရဲ့ဂျာမနီတိုက်စစ်မှူး ဖူခရက်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဩဂုတ်လ(၅)ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ နည်းပြသစ် လိုပီတီဂူလက်ထက်မှာ ကစားသမားသစ်တွေ ကို ခေါ်ယူအားဖြည့်နေခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ ဖူခရက်ကို ခေါ်ယူဖို့ အတွက် သဘောတူညီမှုရခဲ့တာပါ။
ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်သလို အင်္ဂလန်ကို ပြောင်းပြီး ဝက်စ်ဟမ်းအသင်းမှာ ကစားဖို့က မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖူခရက်က ပြောပါတယ်။

ဝက်စ်ဟမ်း အသင်းရဲ့ လက်ရှိ နည်းစနစ်ဒါရိုက်တာနဲ့လည်း အသင်းဟောင်း ဝါဒါဘရီမင်အသင်းမှာ တွဲဖက်လုပ်ကိုင်ခဲ့ဖူးတာ ကြောင့် သူ့အတွက် အဆင်ပြေတယ်လို့ ဖူခရက်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
အသက်(၃၁)နှစ်အရွယ် ဂျာမနီတိုက်စစ်မှူး ဖူခရက်ကို ခေါ်ယူဖို့အတွက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ဝက်စ်ဟမ်းအသင်းဘက်က တရားဝင် မကြေညာခဲ့ပေမယ့်လည်း ပေါင်(၂၇)သန်းလောက် ရှိတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဖူခရက်ကို (၂၀၂၈)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။