ကာတာဂရင်းပရီ အရည်အချင်းစစ်ပွဲမှာ မတော်တဆထိခိုက်မှုဖြစ်အောင် တမင်လုပ်ဆောင်ခဲ့တယ်ဆိုပြီး မာစီးဒီးစ်အသင်း ဒရိုင်ဗာ ရပ်ဆဲလ်ကို ရက်ဘူးလ်ဒရိုင်ဗာ ဗာစတက်ပန်က ဝေဖန်လိုက်ပါတယ်။ အခုရာသီ ဖော်မြူလာဝမ်းချန်ပီယံ ဗာစတက်ပန်ဟာ ပြီးခဲ့တဲ့စနေနေ့က ပြုလုပ်ခဲ့တဲ့ ကာတာဂရင်းပရီ အရည်အချင်း စစ်ပွဲမှာ ရပ်ဆဲလ်နဲ့ မတော်တဆ ထိခိုက်မိခဲ့ပြီးနောက် ပြစ်ဒဏ်သတ်မှတ်ခံခဲ့ရကာ ကာတာဂရင်းပရီ စတင် ယှဉ်ပြိုင်ရာမှာ ရပ်ဆဲလ်ရဲ့နောက် ဒုတိယနေရာကနေသာ တာထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ ညကကျင်းပတဲ့ ကာတာဂရင်းပရီပြိုင်ပွဲမှာ ဒုတိယနေရာကနေ တာထွက်ခွင့်ရခဲ့တဲ့ ဗာစတက်ပန်က သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ရပ်ဆဲလ်ရဲ့ အပြုအမူတွေက လူကြီး လူကောင်းမဆန်တာဖြစ်လို့ ရပ်ဆဲလ်အပေါ် ထားရှိခဲ့တဲ့ လေးစားမှုတွေ အကုန်ပျောက်ဆုံးသွားပြီလို့ ဗာစတက် ပန်က ကာတာဂရင်းပရီပြိုင်ပွဲ အပြီးမှာ ပြောသွားခဲ့တာပါ။
ရပ်ဆဲလ်က ကင်မရာတွေရှေ့မှာ အရမ်းရိုးသားချင်ယောင် ဟန်ဆောင်တတ်ပြီး တစ်ဖက်မှာတော့ မတူခြားနားတဲ့ လူတစ်ယောက်လို ပြုမူတတ်သူပါလို့လည်း ဗာစတက်ပန်က ဝေဖန်သွားခဲ့ပါသေးတယ်။ ဗာစတက်ပန်ဘက်က အခုလိုမျိုး ဝေဖန်ခဲ့ပေမယ့် ဗြတိန်ဒရိုင်ဗာ ရပ်ဆဲလ်ကတော့ ကာတာဂရင်းပရီ ပွဲအပြီး အင်တာဗျူးမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောသွားတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။