လုံခြုံရေးအခြေအနေ စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ၂၀၂၄ ပဲရစ်အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်ညက အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့က စိန့်မြစ်အတွင်းမှာ ကျင်းပခဲ့တဲ့ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို ပြင်သစ်သမ္မတ မက်ခရွန်းနဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ် အပါအဝင် နိုင်ငံ့ထိပ်တန်းခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။
စိန့်မြစ်အတွင်း အိုလံပစ်ပြိုင်ပွဲဝင်တွေဟာ လှေတွေနဲ့ ချီတက်ခဲ့ကြပြီး မြစ်ကမ်းပါးတစ်လျှောက်မှာ ပရိသတ်တွေက အားပေးခဲ့ကြပါတယ်။
ဒါ့အပြင် တံတားတွေပေါ်မှာ လည်း ပရိသတ်တွေအတွက် ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့သလို နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ လေဒီဂါဂါနဲ့ စလင်းဒီယွန်တို့ကလည်း သီဆိုမှုတွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။

အိုလံပစ်ဖွင့်ပွဲကျင်းပမယ့် မနက်ပိုင်းထဲက ပဲရစ်မြို့အတွင်း မိုးရွာသွန်းမှုတွေရှိခဲ့ပေမယ့် ဖွင့်ပွဲကို ပရိသတ်တွေအများအပြားတက်ရောက်ခဲ့သလို ဖွင့်ပွဲအခမ်းအနားကိုလည်း အစီအစဉ်အတိုင်းကျင်းပနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် အိုလံပစ်မီးရှူးတိုင်ထွန်းညှိမှုကို လုပ်ဆောင်ခဲ့ရာမှာ ပြင်သစ်ဂန္ထဝင် ကွင်းလယ်လူ ဇီဒန်း၊ စပိန်တင်းနစ်သမား နာဒယ်နဲ့ ပြင်သစ်ဂန္ထဝင်တင်းနစ်မယ် မော်ရက်စ်မိုတို့ ပါဝင်ခဲ့ကြပြီး အချင်း ၇ မီတာနဲ့ အမြင့် မီတာ ၃၀ ရှိတဲ့ မီးပုံပျံပေါ်မှာ အိုလံပစ်မီးတောက်ကို ထွန်းညှိခဲ့ပါတယ်။
အဆိုပါမီးပုံပျံပေါ်က အိုလံပစ်မီးတောက်ကို ပြိုင်ပွဲကျင်းပနေစဉ် နေ့ရက်တိုင်း နေဝင်ချိန်ကနေ မနက် ၂ နာရီအထိ ထွန်းညှိထားမှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားပါတယ်။