လီဗာပူးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလက်ဟာ စပါးအသင်းကို (၆)ဂိုး၊ (၃)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၂)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆာလက်ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြကစားခဲ့ပြီး ပွဲချိန်(၅၄)မိနစ်နဲ့ (၆၁) မိနစ်တို့မှာ လီဗာပူးအသင်းအတွက် အနိုင်ဂိုးတွေကိုသွင်းယူပေးခဲ့တာပါ။

ဆာလက်ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၁၅)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁၁)ကြိမ်အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ခရစ်စမတ်ကာလမတိုင်ခင်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ခုစလုံးကို(၁၀)ကြိမ်အထက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားက ပရီးမီးယားလိဂ်သမိုင်းမှာ မရှိတာကြောင့် ဆာလက်က ပထမဆုံးအကြိမ် အဖြစ် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းနဲ့ပွဲစဉ်မတိုင်မီမှာ အခုလိုမျိုးစံချိန်သစ်ကို ရယူနိုင်မယ်လို့ မတွေးမိခဲ့ပေမယ့် စံချိန်သစ်တင်နိုင်ခဲ့တာကြောင့် ပျော်ရွှင်ရပြီး ဂုဏ်ယူမိတယ်လို့ ဆာလက်က စပါးအသင်းနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်(၁၆)ပွဲကစားပြီးချိန်မှာ (၁၂)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ်(၃၉)မှတ်နဲ့အတူ အမှတ်ပေး ဇယားရဲ့ အဆင့်(၁)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။