ဘယ်လ်ဂျီယံနိုင်ငံသား သောမတ်စ်ဒီထရီဟာ ကစားသမားဘဝ ပထမဆုံး ပီဂျီအေတိုးချန်ပီယံဆုအဖြစ် ဖီးနစ် အိုးပင်း ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဒီထရီဟာ အခုပြိုင်ပွဲမှာ အကောင်းဆုံး လက်စွမ်း ကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့ ပွဲစဉ်တွေအပြီးမှာတော့ သတ်မှတ်ရိုက်ချက်အောက် ၂၄ ချက် လျှော့ရိုက်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း သတ်မှတ်ရိုက်ချက်အောက် ၁၇ ချက်သာ လျှော့ရိုက်နိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်ကြတဲ့ မိုက်ကယ်ကင်နဲ့ ဒန်နီရယ်ဘာဂါတို့ကို အသာစီးရခဲ့ပြီး ချန်ပီယံဆုကို ရရှိသွား ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်-၁ ဟောင်း အမေရိကန်နိုင်ငံသား ဂျော်ဒန်စပိဒ်နဲ့ တောင်အာဖရိက နိုင်ငံသား ခရစ္စတီယန်တို့ကတော့ သတ်မှတ်ရိုက်ချက်အောက် ၁၆ ချက်စီ လျှော့ရိုက်ခဲ့ပြီး စတုတ္ထနေရာမှာ ပူးတွဲ ရပ်တည် သွားခဲ့ကြပါတယ်။

မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ အိပ်မက်တွေက လက်တွေ့ဖြစ်လာခဲ့တာပါလို့ ဒီထရီက ပြိုင်ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဒီထရီဟာ အခုနှစ်ပြိုင်ပွဲမှာ အရင်ပြိုင်ပွဲတွေတုန်းက လက်တွဲ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံသား ဒန်နီရယ်ဘာဂါနဲ့ ချန်ပီယံဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပြီး ရင်းနှီးတဲ့သူငယ်ချင်းဖြစ်သူနဲ့ အခုလိုမျိုး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတာက စိတ်လှုပ်ရှားမှုကို ပေးစွမ်း နိုင်ခဲ့ပါတယ်လို့ ဒီထရီက ပြောသွားခဲ့ပါတယ်။