ဩစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေဟာ ဗုဒ္ဓဟူးနေ့က ပြင်သစ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။
အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်အသင်း လေ့ကျင့်ရေးကွင်းမှာ မိနစ် ၂၀ လောက် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ အပေါ့စား လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ လာမယ့် သောကြာနေ့မှာ နယ်သာလန်အသင်းနဲ့ အုပ်စုဒုတိယပွဲကို ကစားရမှာဖြစ်ပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တဲ့ အမ်ဘာပေအနေနဲ့ အဲဒီပွဲမှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။
အမ်ဘာပေရဲ့နှာခေါင်းရိုးကျိုး ဒဏ်ရာက ခွဲစိတ်စရာ မလိုအပ်ပေမယ့် ပွဲကစားမယ်ဆိုရင်တော့ အကာအကွယ်မျက်နှာဖုံးကို ဝတ်ဆင်ကစားရမှာဖြစ်တယ်လို့ ပြင်သစ်ဆေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်နဲ့နယ်သာလန်တို့ဟာ ယူရိုခြေစစ်ပွဲတုန်းကလည်း အုပ်စုတစ်ခုတည်းမှာ အတူကျခဲ့ပြီး နယ်သာလန်အသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ ၂ ပွဲမှာ အမ်ဘာပေက ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။