စပိန်လာလီဂါကလပ် အက်သလက်တီကို အသင်းဟာ မွန်တီနီဂရိုး နောက်ခံလူ ဆာဗစ်နဲ့ စာချုပ်ကို နှစ်ဖက် သဘောတူ ဖျက်သိမ်းလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။
ဆာဗစ်နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့စာချုပ်က ၂၀၂၅ ဇွန်လကုန်အထိ သက်တမ်းရှိပေမယ့် ပြီးခဲ့တဲ့ ရာသီအကုန်မှာပဲ ၉ နှစ်ကြာ ကစားလာခဲ့တဲ့အသင်းကို နှုတ်ဆက်တော့မှာဖြစ်တယ်လို့ ဆာဗစ်က ပြောကြားထားခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အသက် ၃၁ နှစ်အရွယ် ဆာဗစ်ဟာ တူကီယဲလ်ကလပ် ထရက်ဇွန်စပေါအသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုတွေလည်း ရယူထားပြီးဖြစ်ပါတယ်။

၂၀၁၅ ဇူလိုင်လမှာ အက်သလက်တီကိုအသင်းကို ရောက်လာခဲ့တဲ့ ဆာဗစ် ဟာ အသင်းခံစစ်မှာ အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၉၇ ပွဲအထိ ကစားပေးထားနိုင်ခဲ့ ပါတယ်။
၉ နှစ်တာကာလအတွင်း ဆာဗစ်ရဲ့ အသင်းအတွက် စွမ်းဆောင်ပေးခဲ့မှုတွေအပေါ် ကျေးဇူးတင်သလို အနာဂတ်မှာ အကောင်းဆုံးတွေရဖို့ ဆုတောင်းပေးပါတယ်လို့ အက်သလက်တီကိုအသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။