ဖေဖော်ဝါရီလမှာ ကျင်းပမယ့် နီပေါအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းအမျိုးသမီးအသင်းဟာ လက်ဘနွန်အသင်းနဲ့ စတင်ကစားရမှာဖြစ်တယ်လို့ ပွဲစဉ်ဇယားထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပြိုင်ပွဲမှာ အိမ်ရှင်နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်းနဲ့ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး လေးသင်းပတ်လည်စနစ်နဲ့ ကစားရမှာဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ လက်ဘနွန်အသင်းနဲ့ ပထဆုံး ကစား ရမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကာဂျစ္စတန်အသင်း၊ ဖေဖော်ဝါရီ ၂၃ ရက်မှာ နီပေါအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အမှတ်အများဆုံးရရှိတဲ့ အသင်းနှစ်သင်းက ဗိုလ်လုပွဲကစားရမှာပါ။ ဒီပြိုင်ပွဲကို ဖေဖော်ဝါရီ (၁၇)ရက်ကနေ (၂၆)ရက်အထိ ကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဖေဖော်ဝါရီ(၂၆)ရက်မှာ ကျင်းပ မှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယူကီတက်ဆုရိုက ကိုင်တွယ်နေပြီး ပဏာမကစားသမား(၃၂)ယောက်ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ အခုနှစ်အတွင်း အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ အမျိုးသမီး အာရှဖလားခြေစစ်ပွဲနဲ့ (၃၃)ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကနေ သိရပါတယ်။