ဘာစီလိုနာအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ တာဝန်ယူမယ့် နည်းပြသစ် ဟန်ဆီဖလစ်ကို ဇူလိုင်လ ၂၅ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပါတယ်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့က နူးကမ့်ကွင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ နည်းပြသစ်မိတ်ဆက်ပွဲမှာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ တက်ရောက်ခဲ့သလို အားကစားဒါရိုက်တာဒေကိုလည်း တက်ရောက်ခဲ့ပါတယ်။
မိတ်ဆက်ပွဲမှာ ဂျာမနီလူမျိုးနည်းပြ ဖလစ်က ဘာစီလိုနာအသင်းလို ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းရဲ့ နည်းပြအဖြစ် ရွေးချယ်ခံရတဲ့အတွက် ကျေနပ်မိသလို ဘာစီလိုနာ အသင်းဟာ သူမျှော်လင့်ထားခဲ့တာထက် ပိုပြီးတော့ ကြီးမားတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် ဖလစ်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့လမ်းခွဲသွားခဲ့တဲ့ နည်းပြ ဇာဗီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
နည်းပြ ဖလစ်က သူ့လက်ထက်မှာ ဘာစီလိုနာအသင်းကို ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အသင်းရဲ့ ရိုးရာကစားဟန်ဖြစ်တဲ့ ဘောလုံး ပိုင်ဆိုင်မှု အသားပေးတဲ့ ကစားဟန်ထက် သွင်းဂိုးတွေ ပိုမိုရရှိဖို့ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ပိုမိုဖိအားပေးတဲ့ ပုံစံကို ပြောင်းလဲမယ်လို့ အစောပိုင်းက ပြောထားပါတယ်။