နည်းပြ ရှောင်ဒိုက်ကို ထုတ်ပယ်ထားတဲ့ အဲဗာတန်အသင်းဟာ နည်းပြဟောင်း မိုရက်စ်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ပြောဆိုဆွေးနွေးမှုတွေက တိုးတက်မှု ရှိလာတယ်ဆိုပေမယ့် ဇန်နဝါရီ ၁၀ ရက် ညပိုင်းအထိ အပြီးသတ်စာချုပ် ချုပ်ဆိုတဲ့အဆင့်ကို မရောက်သေးဘူးလို့ သိရပါတယ်။

အဲဗာတန်အသင်းဟာ အခုရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၁၆ မှာ ရပ်တည်နေတာကြောင့် ပြီးခဲ့တဲ့ ကြာသပတေးညက နည်းပြ ရှောင်ဒိုက်ကို ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ စကော့တလန်လူမျိုး နည်းပြ မိုရက်စ်ဟာ အဲဗာတန်အသင်းကို ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ အထိ ကာလရှည်တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး သူ့လက်ထက်မှာ အဲဗာတန်အသင်းက ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ မိုရက်စ်ဟာ မန်ယူအသင်းကို တာဝန်ယူဖို့အတွက် အဲဗာတန်အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။လက်ရှိမှာတော့ မိုရက်စ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဝက်စ်ဟမ်းအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် ဘောလုံး လောကကနေ အနားယူနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဘောလုံးနည်းပြဘဝကနေ အနားယူဖို့အတွက် မစဉ်းစား သေးဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားထားပါတယ်။