ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဝုဗ်အသင်းဟာ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုးနည်းပြ ဗစ်တာ ပါရဲယားကို ခန့်အပ်လိုက်တယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ် ပါရဲယားဟာ ဆော်ဒီ ကလပ် အယ်ရှာဘတ်အသင်းကနေ ဝုဗ်အသင်းဆီကို ၁၈ လစာချုပ်နဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

ဝုဗ်အသင်း ဟာ ပါရဲယားရဲ့ စာချုပ်ဖျက်ကြေးအတွက် အယ်ရှာဘတ်အသင်းကို ပေါင် ၈၂၅၀၀၀ ပေးခဲ့ရတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် အဆင့်-၁၉ ကိုရောက်နေတဲ့ ဝုဗ်အသင်းဟာ နည်းပြ ဂယ်ရီအိုနေးလ်ကို ထုတ်ပယ်လိုက်ပြီး ၅ ရက်အကြာမှာပဲ နည်းပြသစ်ကို ခန့်အပ်နိုင်ခဲ့တာဖြစ်ပြီး ပါရဲယားဟာ အသင်းရဲ့ ကြာသပတေးနေ့ လေ့ကျင့်ရေးအစီအစဉ်တွေကို တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။

ပေါ်တိုအသင်းနဲ့ ပေါ်တူဂီအမှတ်ပေးချန်ပီယံဆု ၂ ကြိမ်၊ အိုလံပီယာကို့စ်အသင်းနဲ့ ဂရိအမှတ်ပေးချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ ပါရဲယားရဲ့ ဝုဗ်အသင်းနည်းပြဘဝ ပထမဆုံးပွဲက တနင်္ဂနွေညမှာ ကစားမယ့် လက်စတာအသင်းနဲ့ ပွဲဖြစ်လာမှာပါ။ဝုဗ်အသင်းဟာ အခုရာသီပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၂ ပွဲသာအနိုင်ရခဲ့ပြီး ၁၁ ပွဲအထိ ရှုံးနိမ့်ထားတာဖြစ်လို့ နည်းပြ သစ် ပါရဲယားအနေနဲ့ အသင်းကို အလျင်မြန်ဆုံး တည်ငြိမ်မှုရအောင် ကြိုးစားရတော့မှာဖြစ်ပါတယ်။