ဩစတြီးယားကလပ် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းဟာ နည်းပြဖြစ်သူ လင်ဒါနဲ့ လမ်းခွဲတော့မှာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ နယ်သာလန်လူမျိုးဖြစ်သူ လင်ဒါဟာ ၂၀၂၃-၂၄ ဘောလုံးရာသီ အကုန်မှာ လီဗာပူးလက်ထောက်နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ၂၀၂၄ မေလမှာ ဆဲလ်ဘတ်အသင်းနည်းပြ ဖြစ်လာခဲ့တာပါ။

ဒါပေမယ့် ဆဲလ်ဘတ်အသင်းမှာ ၇ လသာ ကြာမြင့်ခဲ့ပြီးနောက် ရလဒ်ဆိုးတွေကြောင့် အခုလို လမ်းခွဲဖို့ ဖြစ်လာခဲ့ပါတယ်။ နည်းပြ လင်ဒါလက်ထက်မှာ ဆဲလ်ဘတ်အသင်းဟာ ဩစတြီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားထားရာမှာ ၇ ပွဲသာအနိုင်ရခဲ့ပြီး အဆင့် ၅ နေရာကို ရောက်နေတာဖြစ်ပါတယ်။ အခုရာသီ ချန်ပီယံလိဂ် မှာလည်း ဆဲလ်ဘတ်အသင်းက အဆင့် ၃၂ မှာရပ်တည်နေပြီး ပြိုင်ပွဲကနေ ထွက်ခွာရဖို့ကို နီးစပ်နေပါတယ်။

အသင်းအခြေအနေကို သေချာလေ့လာသုံးသပ်ပြီးနောက်မှာ ရာသီကုန်ရည်မှန်းချက်တွေပြည့်ဖို့အတွက် အပြောင်း အလဲတွေလုပ်ဖို့ လိုအပ်နေပြီလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလိုမျိုးနည်းပြနဲ့ လမ်းခွဲဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆဲလ်ဘတ်အသင်းကြေညာချက်မှာ ရေးသားထားပါတယ်။ ဆဲလ်ဘတ်အသင်းဟာ နည်းပြ လင်ဒါနဲ့အတူ လက်ထောက်နည်းပြ ဗစ်တာမာတော့နဲ့လည်း လမ်းခွဲမှာဖြစ်တယ်လို့ သိရပါတယ်။