ကမ္ဘာ့အဆင့်- ၃ အယ်ကာရက်ဇ်ပါဝင်တဲ့ စပိန်အသင်းဟာ ဒေးဗစ်ဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲ အုပ်စုပွဲစဉ် မှာ ၂ ပွဲဆက်အနိုင်ရလဒ်နဲ့အတူ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်မှာ ချက်အသင်းကို အနိုင်ရထားတဲ့ စပိန်အသင်းဟာ စက်တင်ဘာ ၁၃ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ပွဲစဉ်မှာလည်း အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပထမဆုံး ကစားတဲ့တစ်ဦးချင်းပွဲစဉ်မှာ စပိန်အသင်းသား အဂတ်နဲ့ ပြင်သစ် အသင်းသား အာသာဖေးလ်တို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲကအကြိတ်အနယ်ရှိခဲ့တာပါ။
ပွဲအပြီးမှာတော့ အဂတ်က (၂း၆၊၇း၅၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့လို့ စပိန်အသင်းပွဲကို ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ဒုတိယပွဲစဉ်အဖြစ် စပိန် အသင်းသား အယ်ကာရက်ဇ်နဲ့ ပြင်သစ်အသင်းသား ဟမ်ဘတ်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဟမ်ဘတ်အနေနဲ့ အယ်ကာရက်ဇ်ရဲ့ လက်စွမ်းကို ယှဉ်နိုင်ဖို့ အသည်းအသန်ကြိုးစားသွားခဲ့ရပါတယ်။
အယ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁၈ မှာရပ်တည်နေတဲ့ ဟမ်ဘတ်ကို လက်စွမ်းအသာစီးနဲ့ ကစားခဲ့ပြီး (၆း၃၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ၂ ယောက်တွဲပွဲမှာတော့ ဟာဘတ်နဲ့ ဗက်ဆီလင်တို့ ပြင်သစ်အတွဲက ဘက်စတာနဲ့ ဂရီနိုလာတို့ စပိန်အတွဲကို အနိုင်ရခဲ့ပေမယ့် အစောပိုင်း တစ်ဦးချင်းပွဲစဉ် ၂ ပွဲကို အနိုင်ရထားတဲ့ စပိန်အသင်းက ပြင်သစ်အသင်းကို ၂ ပွဲ-၁ပွဲ နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။