မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမားဒီဘရိုင်းက အသင်းနဲ့အတူ စာချုပ်သစ်ကိစ္စအတွက် အခုအချိန်ထိ ဆွေးနွေးထားတာမျိုး မရှိသေးဘူးလို့ ပြောကြားခဲ့တာကြောင့် သူ့ရဲ့မန်စီးတီးကစားသမားဘဝ အနာဂတ်က မသေမချာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီ အပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးထားတာမျိုး မရှိသေးတာပါ။
မန်စီးတီးအသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဖို့အတွက် ဆွေးနွေးမှုတွေကိုလုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဒဏ်ရာရခဲ့တာ ကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ ဒီဘရိုင်းက ပြောပါတယ်။ အခုအချိန်မှာ ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်လို့ မန်စီးတီးအသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေသလို စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွေက မကြာခင်မှာ ရောက်လာလိမ့်မယ်လို့ ဒီဘရိုင်းက ယုံကြည်နေပါတယ်။
မန်စီးတီးကစားသမားဘဝ နောက်ပိုင်း နှစ်တွေမှာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရတဲ့ ဒီဘရိုင်းဟာ တကယ်လို့ မန်စီးတီးအသင်းဘက်က စာချုပ်သစ်အတွက် ဆွေးနွေးမှု မလုပ်ခဲ့ရင်လည်း အခုဘောလုံးရာသီက အသင်းနဲ့အတူ နောက်ဆုံးနှစ် ဖြစ်လာ လိမ့်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းကို (၂၀၁၅)ခုနှစ်မှာကတည်းက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၃၉၁)ပွဲအထိ ကစားပေးထား ပါတယ်။