အာဆင်နယ်အသင်းရဲ့ အီတလီနောက်ခံလူ ကာလာဖီအိုရီဟာ ဒဏ်ရာပြဿနာကြောင့် စပါးအသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ စက်တင်ဘာလ(၈)ရက်နေ့မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။
ကာလာဖီအိုရီဟာ ပြင်သစ်အသင်းကို (၃)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ပွဲချိန်(၇၁)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
အခုအချိန်မှာ အီတလီအသင်းရဲ့ လူစာရင်းကနေ ကာလာဖီအိုရီ နုတ်ထွက်သွားခဲ့ပေမယ့် ဒဏ်ရာပြဿနာက မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒါပေမဲ့ လာမယ့်စက်တင်ဘာလ (၁၅)ရက်နေ့မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ လွဲချော်ဖွယ် ရှိတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ကာလာဖီအိုရီဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ ကြေး ပေါင်(၄၂)သန်းနဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာ ဘိုလော့နာအသင်းကနေ ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။