ကစားသမားတွေရဲ့ ထောက်ခံမှုကို မရရှိတော့ဘူးဆိုရင် အသင်းကနေ ထွက်သွားမှာဖြစ်တယ်လို့ ဒေါ့မွန်အသင်း နည်းပြ ဆာဟင်က ပြောလိုက်ပါတယ်။ ချန်ပီယံလိဂ်ပွဲမှာ ဘိုလော့ဂ်နာအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန် အသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြ ဆာဟင်ရဲ့ အနာဂတ်လည်း မသေမချာ ဖြစ်လာခဲ့တာ ပါ။

နည်းပြဆာဟင်ကတော့ အသင်းရလဒ်ဆိုးနေမှုအတွက် ဗုဒ္ဓဟူးနေ့မှာ အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွား မှာဖြစ်ပြီး အသင်းကောင်းမွန်ဖို့အတွက်ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးကို လက်ခံသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။ နည်းပြဆာဟင်ဟာ အခုရာသီမှာ ဒေါ့မွန်အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ရာသီ အစပိုင်းမှာ ရလဒ်ကောင်းခဲ့ပေမယ့် ၂၀၂၅ အတွင်း ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်ပြီးနောက်မှာ ဖိအားတွေအောက် ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ဒေါ့မွန်အသင်းက အဆင့်-၁၃ နေရာကို ရောက်နေလို့ ဆာဟင်ရဲ့ အနာဂတ်က ပိုပြီးတော့ လှုပ်ခတ်လာခဲ့တာဖြစ်ပါတယ်။နည်းပြ ဆာဟင်ကတော့ အသင်းရလဒ်ဆိုးနေပေမဲ့ အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် ချီးကျူး သွားခဲ့ပြီး ရလဒ်ဆိုးတွေအတွက် သူ့မှာသာ တာဝန်ရှိတယ်လို့ ဘိုလော့ဂ်နာအသင်းကို ရှုံးတဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။