ဇူလိုင် ၁၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ တိုးဒီဖရန့်စက်ဘီးပြိုင်ပွဲရဲ့ အဆင့်-၁၆ မှာ အယ်ဖီစင်အသင်းသား ဖိလစ်ဆန် အနိုင်ရခဲ့ပါတယ်။
အဆင့်-၁၆ အဖြစ် ၁၈၉ ကီလိုမီတာ မြေပြန့်ခရီးကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပြိုင်လမ်းကြောင်းအစပိုင်းမှာပဲ ပြိုင်ပွဲဝင်တွေ မတော်တဆဖြစ်ခဲ့ကြပါတယ်။
အခုနှစ်ပြိုင်ပွဲမှာ အဆင့်-၃ ဆင့် အနိုင်ရထား တဲ့ ဂျီယာမေလည်း မတော်တဆဖြစ်တဲ့အထဲ ပါဝင်ခဲ့လို့ ပြိုင်ပွဲကို ဆက်မပြိုင်နိုင်ဘဲ ထွက်လိုက်ရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံသား ဖိလစ်ဆန် ကတော့ ပန်းဝင်ကာနီးအချိန်အထိ ပြိုင်ဘက်တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ၄ နာရီ ၁၁ မိနစ် ၂၇ စက္ကန့်နဲ့ ထိပ်ဆုံးကနေ ပန်းဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာရိန်းအသင်းရဲ့ ဂျာမနီနိုင်ငံသား ဘော့ဟော့စ်က ဒုတိယရခဲ့ပြီး အူနိုအသင်းရဲ့နော်ဝေနိုင်ငံသား ခရစ္စတော့ဖ်က တတိယ အသီးသီး ရခဲ့ကြပါတယ်။
ဖိလစ်ဆန်အတွက်တော့ အခုနှစ်ပြိုင်ပွဲရဲ့ အဆင့်တစ်ခုကို ၃ ကြိမ်မြောက် အနိုင်ရတာဖြစ်ပြီး အဆင့်-၁၆ အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ ယူအေအီးအသင်းရဲ့ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာက ဒုတိယနေရာက ဒိန်းမတ်နိုင်ငံသား ဗင်ဂီဂတ်ကို ၃ မိနစ် ၉ စက္ကန့်အသာနဲ့ ဆက်လက်ဦးဆောင် ထားနိုင်ခဲ့ပါတယ်။