တိုးဒီဖရန့် ပြင်သစ်ခရီးရှည် စက်ဘီးစီးပြိုင်ပွဲ အဆင့်-၁၂ ကို ဇူလိုင်လ ၁၁ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာ အီရီထရီးယားနိုင်ငံသား ဂျီယာမေ အနိုင်ရခဲ့ပါတယ်။
အဆင့်-၁၂ အဖြစ် ၂၀၃ ဒသမ ၆ ကီလိုမီတာ မြေပြန့်ခရီးကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲအစပိုင်းမှာပဲ ကြီးမားတဲ့ မတော်တဆမှုနဲ့အတူ ပြိုင်ပွဲဝင်အတော် များများ လဲကျခဲ့ကြတာကို တွေ့ရပါတယ်။
တချို့ပြိုင်ပွဲဝင်တွေကတော့ ဒဏ်ရာရခဲ့ကြလို့ ပြိုင်ပွဲပြီးဆုံးအောင် မယှဉ်ပြိုင်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
ပြိုင်ပွဲပြီးဆုံးခါနီးမှာ ဂျီယာမေ အပါအဝင် ပြိုင်ပွဲဝင်တွေဟာ အနိုင် ရဖို့အတွက် အကြိတ်အနယ် ကြိုးစားလာကြပြီး ပန်းဝင်လာချိန်မှာတော့ ဂျီယာမေ၊ ဗန်အက်နဲ့ အက်ကာမန်တို့ ၃ ယောက်က ပြိုင်တူပန်းဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်ကို ပြန်လည် ကြည့်ရှုခဲ့ပြီးနောက် ဂျီယာမေက အနိုင်ရခဲ့တာပါ။
အခုနှစ်ပြိုင်ပွဲ အဆင့်-၃ နဲ့ အဆင့်-၈ တွေမှာ အနိုင်ရခဲ့တဲ့ ဂျီယာမေအတွက် အခုအနိုင်ရမှုက ၃ ကြိမ်မြောက် အနိုင်ရတာလည်း ဖြစ်ခဲ့ပါတယ်။
အဆင့်-၁၂ အပြီး ချန်ပီယံဆု အတွက် ရပ်တည်မှုမှာတော့ အမ်းမရိတ်စ်အသင်းရဲ့ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာက ဆက်လက် ဦးဆောင် နေပြီး ဒုတိယနေရာက ဗီနီပိုအယ်ကို ၁ မိနစ်နဲ့ ၆ စက္ကန့်အထိ အသာရထားတာ ဖြစ်ပါတယ်။