အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်ဟာ တရုတ်အိုးပင်းတင်းနစ် အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ ကိုကိုဂတ်ဖ်ဟာ ချက်တင်းနစ်မယ် မူချိုဗာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မူချိုဗာက ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ဆာဘာလန်ကာကို အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ကိုကိုဂတ်ဖ်အတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေရှိခဲ့ပေမယ့် တကယ်တမ်း ပွဲကစားချိန် မှာတော့ မူချိုဗာက အကောင်းဆုံးပုံစံပျောက်ဆုံးနေခဲ့လို့ ကိုကိုဂတ်ဖ်ကပဲ ပွဲကိုအသာစီးနဲ့ ကစားသွားခဲ့ပါတယ်။

ပွဲကစားချိန်က ၁ နာရီနဲ့ ၁၆ မိနစ်သာကြာမြင့်ခဲ့ပြီးနောက် ကိုကိုဂတ်ဖ်က မူချိုဗာ ကို (၆း၁၊၆း၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကစားသမားဘဝ ၉ ခုမြောက် WTA တိုးချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကိုကိုဂတ်ဖ် ဟာ တင်းနစ်ပြိုင်ပွဲတွေရဲ့ အိုးပင်းခေတ် WTA တိုး Hard Court ဗိုလ်လုပွဲ ၇ ခု ဆက်တိုက်အနိုင်ရတဲ့ ပထမဆုံး တင်းနစ်မယ်လည်း ဖြစ်လာခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့အတွက် ကိုကိုဂတ်ဖ်ဟာ ကမ္ဘာ့အဆင့်-၆ နေရာကနေ ကမ္ဘာ့အဆင့်-၄ နေရာအထိကို တက်လာနိုင်ခဲ့သလို ရာသီပိတ် WTA ဖိုင်နယ်ပြိုင်ပွဲကိုလည်း ဝင်ပြိုင်ခွင့်ရဖို့ သေချာသွားခဲ့ပါတယ်။