လီဗာပူးအသင်းနဲ့ စာချုပ်သစ်ကိစ္စအပေါ် မှတ်ချက်ပေးခဲ့တဲ့ တောင်ပံကစားသမား ဆာလက်ကို အသင်းရဲ့ ဂန္ထဝင် ကစားသမားတစ်ယောက်ဖြစ်တဲ့ ကာရေဂါက ဝေဖန်သွားခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ ဆာလက်ရဲ့ စာချုပ် သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် လီဗာပူးအသင်းက အခုချိန်ထိ စာချုပ်သစ် အတွက် ကမ်းလှမ်းမှု မပြုလုပ်ရသေးတာပါ။
ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆာလက်က စာချုပ်သစ်အတွက် ကမ်းလှမ်းထားတာမျိုး မရှိသေးတာကြောင့် လီဗာပူးအသင်းမှာ ဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုများတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အခုအချိန်မှာ လီဗာပူးအသင်းက ရီးရဲလ်၊ မန်စီးတီးအသင်း တို့နဲ့ ရှေ့လာမယ့်(၂)ပွဲဆက်တိုက် ကစားရမှာကြောင့် ပွဲကျပ်နေချိန်မှာ ဆာလက်ရဲ့လုပ်ရပ်က စိတ်ပျက်စရာပဲလို့ ကာရေဂါက ပြောပါတယ်။

အသင်းရဲ့အခြေအနေကိုမကြည့်ဘဲ အခုလိုမျိုး ပြောနေတာတွေက တစ်ကိုယ်ကောင်း ဆန်လွန်းတယ်လို့လည်း ကာရေဂါက ဆာလက်ကို ဝေဖန်သွားခဲ့ပါသေးတယ်။ ဆာလက်ဟာ အခုဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ခြေစွမ်းပြကစားနေပေမယ့် အသင်းနဲ့စာချုပ်သက်တမ်းက ဒီရာသီ ပြီးတာနဲ့ ကုန်ဆုံး မှာဖြစ်တာကြောင့် လီဗာပူးအသင်းအနေနဲ့ စာချုပ်သစ်ကိစ္စအတွက် အမြန်ဆုံးဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။