စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းဟာ ဝုဖ်ဘတ်အသင်းရဲ့ ချက်လက်ရွေးစင် တောင်ပံကစားသမား ဆာနီကို တစ်ရာသီအငှားနဲ့ခေါ်ယူလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဆာနီဟာ ပြီးခဲ့တဲ့ရာသီမစခင်က တွမ်တီးအသင်း ကနေ ဝုဖ်ဘတ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဝုဖ်ဘတ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ၁၄ ပွဲ ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပါတယ်။
ရိန်းဂျားစ်နည်းပြ ကလီးမန့်နဲ့ စကားပြောဆိုပြီးချိန်မှာ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားမိသလို အဲ့ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရမှာဖြစ်လို့ ပျော်ရွှင်မိတယ်လို့ ဆာနီက အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ချက်ကလပ် ပရီဘရမ်နဲ့ ပရိုကစားသမားဘဝ စတင်ခဲ့တဲ့ ဆာနီဟာ နယ်သာလန်အသင်းတွေဖြစ်တဲ့ အေဂျက်ဇ်၊ အုထရက်ချ်နဲ့ တွမ်တီးအသင်းတွေမှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။
ဒါ့ကြောင့် ရိန်းဂျားစ်နည်းပြ ကလီးမန့်က ဆာနီရဲ့ အတွေ့အကြုံတွေနဲ့ တိုက်စစ်စွမ်းဆောင်ရည်တွေက အသင်းကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ကစားသမားသစ်ကို ခေါ်ယူအပြီးမှာ ပြောထားခဲ့တာပါ။
အခုနွေရာသီ ရိန်းဂျားစ်အသင်းခေါ်ယူတဲ့ ၈ ယောက်မြောက်ကစားသမားဖြစ်တဲ့ ဆာနီက အသင်းကို တစ်ရာသီအငှားနဲ့ ရောက်လာခဲ့ပေမယ့် ကာလရှည်နေခွင့်ရဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောသွားခဲ့ပါတယ်။