မန်ယူအသင်းနဲ့ အနာဂတ်မသေချာတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က စိန်ခေါ်မှု အသစ်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အတွက် မန်ယူအသင်းလူစာရင်းကနေ ချန်လှပ်တာ ခံထားခဲ့ရပြီးနောက် မန်ယူအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ်ကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။

မန်ယူအသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ကြေညာချက်ထုတ်ပြန်မှာဖြစ်သလို မန်ယူအသင်းနဲ့ ပတ်သက်တဲ့ မကောင်းတဲ့မှတ်ချက်မျိုးကိုလည်း သူ့အနေနဲ့ ပြောကြားမှာမဟုတ်ဘူးလို့ ရက်ရှ်ဖို့ဒ်က အင်တာဗျုး တစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ကစားသမားဘဝ နောက်တစ် ဆင့် တက်ဖို့ကို အဆင်သင့်ဖြစ်နေပြီလို့ ခံစားရကြောင်းလည်း ရက်ရှ်ဖို့ဒ်က ဆက်ပြောသွားခဲ့ပါတယ်။

မန်ယူ အသင်းအတွက် ၂၀၁၆ ကတည်းက စတင်ကစားပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ၄၂၆ ပွဲမှာ ၁၃၈ ဂိုး သွင်းယူ ပေးထားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၈ လအတွင်းက ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ ကစားပုံကြောင့် အသင်း ပရိသတ်အပါအဝင် ဘောလုံးဝေဖန်သူတွေရဲ့ ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပါတယ်။မန်ယူနည်းပြ အမ်မိုရင်ကတော့ မန်ချက်စတာဒါဘီပွဲစဉ် လူစာရင်းကနေ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို ချန်လှပ်ထား ခဲ့တာက စည်းကမ်းပိုင်းကြောင့် မဟုတ်ဘူးလို့ ဖြေရှင်းချက်ပေးထားပါတယ်။