နာပိုလီအသင်းကနေ ဂါလာတာစာရေးအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆင်ဟမ်က စိန်ခေါ်မှုအသစ်တွေအပေါ် စိတ်လှုပ်ရှားမိတယ်လို့ စက်တင်ဘာလ(၄)ရက်နေ့က ပြောကြားသွားခဲ့ပါတယ်။
အိုဆင်ဟမ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နာပိုလီအသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ဂါလာတာစာရေးအသင်းကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့တာပါ။
ဂါလာတာစာရေးအသင်းရဲ့ ကမ်းလှမ်းချက်ကို ရပြီးချင်းမှာပဲ ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့တာလို့ အိုဆင်ဟမ်က ပြောပါတယ်။

အသင်းပရိသတ်တွေရဲ့ ကြိုဆိုအားပေးမှုတွေက အားရစရာကောင်းသလို အသင်းအတွက် ပွဲထွက်ကစားပေးဖို့ စိတ်လှုပ်ရှားမိတယ်လို့ အိုဆင်ဟမ်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
ဂါလာတာစာရေး အသင်းဟာ အိုဆင်ဟမ်ကို တစ်ရာသီအငှားစာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပေမယ့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ မှာ အိုဆင်ဟမ်ကိုခေါ်ယူချင်တဲ့ အသင်းပေါ်လာမယ်ဆိုရင် စာချုပ်ဖျက်သိမ်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။