ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပမယ့် စိန့်မြစ်အတွင်းမှာ လုံခြုံရေးကို အပြည့်အဝချထားပြီး ကင်းလှည့်မှုတွေကို လုပ်ဆောင်နေပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် ပဲရစ်အိုလံပစ်ဖွင့်ပွဲမှာ စိန့်မြစ် အတွင်း လှေအစင်းပေါင်း ၉၀ ကျော်က အားကစားသမားပေါင်း ၁ သောင်းခန့်ကိုတင်ဆောင်ပြီး ၃ ဒသမ ၇ မိုင် ကျော်ကို ချီတက်မှာ ဖြစ်ပါတယ်။

၄ နာရီကြာမြင့်မယ့် ဖွင့်ပွဲအခမ်းအနားအတွက် ပြင်သစ်ရဲတပ်ဖွဲ့က ကြီးမားတဲ့ အင်အားကို အသုံးပြုထားမှာဖြစ်ပြီး အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပဲရစ်ရဲချုပ်ရဲ့ ပြောကြားချက်အရ အိုလံပစ်ဖွင့်ပွဲမှာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄ သောင်းကျော်ကို ဖြန့်ကြက်ထားရှိဖို့ အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကမ်းပေါ်က ကြည့်ရှုသူ ပရိသတ် ၂ သိန်း ၂ သောင်းလောက် လာရောက်ကြည့်ရှုဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။