လာမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် လက်ရှိချန်ပီယံ စပိန်အသင်းရဲ့ ပထမဆုံးလေ့ကျင့်မှုကို စပိန်ပရိသတ်တွေ လာရောက်အားပေးခဲ့ကြပါတယ်။
နည်းပြ ဒီလာဖျူအန်တီရဲ့ စပိန်အသင်း လေ့ကျင့်မှုတွေကို စက်တင်ဘာလ ၂ ရက်နေ့က စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။
စပိန်ပရိသတ်အများစုဟာ အသင်းရဲ့လူငယ်ကြယ်ပွင့်ဖြစ်သလို ယူရို ၂၀၂၄ မှာ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ တောင်ပံ တိုက်စစ် မှူး ယာမယ်ကို စိတ်ဝင်တစား လာရောက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

နည်းပြ ဒီလာဖျူအန်တီဟာ ၂၀၂၄ ယူရို ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းလူစာရင်းမှာ ဂိုးသမား ဆီမွန်နဲ့ တိုက်စစ်မှူး မိုရာတာတို့ကို ဒဏ်ရာကြောင့် ချန်လှပ်ထားခဲ့ပြီး အိုလံပစ်ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူယှဉ်ပြိုင်ခဲ့တဲ့ အဲလက်စ်ဘေနာနဲ့ ဖာမင်လိုပက်ဇ်တို့ကို ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းရဲ့ ဝါရင့်နောက်ခံလူ နာချိုနဲ့ ကွင်းလယ်လူ မီရီနိုလည်း လက်ရွေးစင် အသင်းမှာ ပါဝင်မလာခဲ့တာ တွေ့ရပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၆ ရက်နေ့မှာ ဆားဘီးယား၊ စက်တင်ဘာ ၉ ရက်နေ့မှာ ဆွစ်ဇာလန်အသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။