စပိန်တင်းနစ်သမား နာဒယ်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စပိန်နိုင်ငံအတွက် ဂုဏ်ယူစရာ နေ့ရက်တွေဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
စပိန်လက်ရွေးစင်အသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို စပိန် တင်းနစ်သမားဖြစ်တဲ့ အယ်ကာရက်ဇ်ကလည်း ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က စပိန်အားကစားလောကအတွက် ပြီးပြည့်စုံတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ တယ်လို့ နာဒယ်က ပြောသွားခဲ့တာပါ။
လက်ရှိအချိန်မှာတော့ နာဒယ်ဟာ ဆွီဒင်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား ၂ ယောက်တွဲပွဲစဉ်မှာ ကမ္ဘာ့အဆင့်-၉ မှာ ရပ်တည်နေတဲ့ နော်ဝေတင်းနစ်သမား ကက်စ်ပါရုဒ်နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့် အခုနှစ်အတွင်း တစ်ဦးချင်းပြိုင်ပွဲတွေကို လွဲချော်ခဲ့ရတဲ့ နာဒယ်က သူ့ရဲ့ကြံ့ခိုင်မှုအနေအထားအရ နှစ်ယောက်တွဲပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်နေရတာဖြစ်ပြီး အခု နှစ်ကုန်ပိုင်းမှာ တင်းနစ်အားကစားကနေ အနားယူဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
နာဒယ်ကတော့ လက်ရှိအချိန်မှာ တင်းနစ်ကို ကျောခိုင်းဖို့အတွက် အဆင်သင့် မဖြစ်သေးပေမယ့် ကြံ့ခိုင်မှုနဲ့ ကျန်းမာရေး အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။