ကြာသပတေးနေ့ ညက ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် စပါးနည်းပြ အန်ဂျီနဲ့ ဒေါသ ထွက်နေတဲ့ စပါးပရိသတ်အချို့ အနည်းငယ် အချင်းများခဲ့ကြပါတယ်။

ပွဲအပြီး ကွင်းထဲကနေ ထွက်ခွာဖို့ ပြင်ဆင် နေချိန်မှာ ဒေါသတကြီးအော်ဟစ်နေတဲ့ စပါးပရိသတ်တွေရှိရာဘက်ကို နည်းပြ အန်ဂျီ ရောက်လာခဲ့ပြီးနောက် အချင်းများခဲ့ကြတာပါ။ ရှုံးပွဲအတွက် ပရိသတ်တွေရဲ့ ဒေါသထွက်မှုကို လက်ခံပေမယ့် တချို့ပြောစကားတွေ ကတော့ လက်ခံနိုင်စရာမရှိဘူးလို့ နည်းပြ အန်ဂျီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

နည်းပြ အန်ဂျီအတွက် အခုနှစ်ဘောလုံးရာသီက စပါးနည်းပြဘဝ ဒုတိယမြောက်ရာသီဖြစ်ပေမယ့် အသင်းက တည်ငြိမ်တဲ့ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အခုရာသီမှာလည်း စပါးအသင်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစား ပြီးချိန်မှာ ရှုံးပွဲက ၆ ပွဲအထိ ရှိထားခဲ့တာပါ။ ဒါ့ကြောင့်လည်း စပါးပရိသတ်အချို့က နည်းပြအန်ဂျီကို ပြင်းထန်တဲ့ စကားလုံးတချို့နဲ့ အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။

စပါးအသင်းမှာ ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ ဒေးဗီးစ်၊ ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ ဒဏ်ရာပြဿနာတွေရှိနေကြပြီး လာမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲမှာတော့ ခံစစ်ကစားသမားအချို့ ပြန်ကစားနိုင်ဖို့ နည်းပြ အန်ဂျီက မျှော်လင့် နေတာလည်း ဖြစ်ပါတယ်။