စပါးအသင်း ကွင်းလယ်လူသစ် အာချီ ဂရေးက စပါးလို အသင်းကြီးဆီ ရောက်လာခွင့်ရတာက ကြီးမားတဲ့ အခွင့် အရေးဖြစ်သလို စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ဂရေး အတွက် စပါးအသင်းဟာ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းကို ပေါင် သန်း ၃၀ ပေးခဲ့ရတာဖြစ်ပြီး ၂၀၃၀ အထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဂရေးဟာ ချန်ပီယံရှစ် တစ်ရာသီအကောင်းဆုံး လူငယ်ကစားသမားဆုကို ၂ နှစ်ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်လို့ ပရီးမီးယား လိဂ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။

အစောပိုင်းက ဘရန်ဖို့ဒ်အသင်းဆီကို ရောက်ဖို့ နီးစပ်ခဲ့ပေမယ့် စပါးအသင်းက အလျင်အမြန်လှုပ်ရှားခဲ့ပြီး အခုလို အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်းနည်းပြ အန်ဂျီရဲ့ သင်ကြားမှုတွေအောက်မှာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို အသင်းမှာရှိတဲ့ စီနီယာကစားသမား တွေဆီကလည်း လေ့လာသင်ယူသွားမှာဖြစ်တယ်လို့ ဂရေးက အသင်းသစ်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ဂရေးဟာ ပြီးခဲ့တဲ့ရာသီက လိဒ်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။