အသက် ၂၆ နှစ်အရွယ် ပိုလန်တင်းနစ်မယ် ဖရက်ချ်ဟာ ကစားသမားဘဝ ပထမဆုံး WTA တိုးချန်ပီယံဆုအဖြစ် ဂွါဒါလာဂျာရာ အိုးပင်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ ဆီဒင်အဆင့်-၅ ရထားတဲ့ ဖရက်ချ်ဟာ စက်တင်ဘာ ၁၅ ရက်နေ့က ဗိုလ်လုပွဲမှာ ဩစတြေးလျ တင်းနစ်မယ် ဂါဒက်စ်ကီးနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၃ မှာ WTA တိုးကစားသမားဘဝစတင်ခဲ့တဲ့ ဖရက်ချ်အတွက် အခုဗိုလ်လုပွဲက ကစားသမားဘဝ ဒုတိယ မြောက် WTA တိုးဗိုလ်လုပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဇူလိုင်လက ပရက်ချ်အိုးပင်းဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ဖရက်ချ်ဟာ အခုပွဲစဉ်မှာတော့ အမှားအယွင်းနည်းအောင် သတိထားကစားခဲ့သလို ပြိုင်ဘက်ကိုလည်း ဖိအားပေးနိုင်ဖို့ ကြိုးစားသွားခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ် ဂါဒက်စ်ကီးကတော့ သူမရဲ့ ကစားသမားဘဝ ပထမဆုံး WTA တိုး ဖိုင်နယ်ပွဲမှာ စိတ်လှုပ်ရှားမှု များနေခဲ့တာကိုလည်း တွေ့ရပါတယ်။
ပွဲကစားချိန် ၁ နာရီနဲ့ ၅၆ မိနစ်ကြာမြင့်ခဲ့ပြီး နောက် ဖရက်ချ်က (၇း၆၊၆း၄) ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး ဂွါဒါလာဂျာရာအိုးပင်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုချန်ပီယံဆုရခဲ့တဲ့အတွက် ဖရက်ချ်ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ အဆင့်ရပ်တည်မှုမှာလည်း ကစားသမားဘဝ အမြင့်ဆုံးအဖြစ် အဆင့်-၃၂ မှာ ရပ်တည်သွားနိုင်ခဲ့ပါတယ်။