ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်တဲ့ အမေရိကန်နိုင်ငံသား မိုက်တိုင်ဆန်က လာမယ့် နိုဝင်ဘာ ၁၅ ရက် နေ့မှာ ထိုးသတ်မယ့် ဂျိတ်ခ်ပေါလ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။
အစောပိုင်းက သူတို့ရဲ့ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် မိုက်တိုင်ဆန် ဒဏ်ရာရခဲ့တာကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
ပရိသတ် ၈ သောင်းဝင်ဆံ့တဲ့ AT&T ကွင်းကြီးထဲမှာ ထိုးသတ်မယ့် အခုပွဲက ပရိသတ်တွေ စိတ်လှုပ်ရှားမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ တိုင်ဆန်က ပြောသွားခဲ့ပါတယ်။

အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ တိုင်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲကို နောက်ဆုံး ထိုးသတ်ခဲ့တာဖြစ်ပြီး အခု ထိုးသတ်ရမယ့်ပွဲအတွက် ကြံ့ခိုင်မှုအကောင်းဆုံးပုံစံမှာ ရှိနေတယ်လို့ ပြောသွားခဲ့ပါတယ်။
Youtuber အဖြစ်ကနေ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲတွေကို ထိုးသတ်သူအဖြစ် ပြောင်းလဲလာခဲ့တဲ့ ဂျိတ်ခ်ပေါလ်ကတော့ ကြိုးဝိုင်းထဲမှာ ဘယ်သူအနိုင်နဲ့ ထိုက်တန်သလဲဆိုတာကို သက်သေပြသွားမယ်လို့ ပြောထားပါတယ်။
မိုက်တိုင်ဆန်နဲ့ ဂျိတ်ခ် ပေါလ်တို့ ထိုးသတ်တဲ့ပွဲကို Netflix ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။