ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်လူ ဒီယေဂို ဂိုမက်ဇ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။

ဂိုမက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို တရားဝင်မဖော်ပြပေမယ့် သတင်းတွေအရတော့ ယူရို ၈ ဒသမ ၅ သန်း ပြောင်းရွှေ့ကြေး ပေးခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂိုမက်ဇ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဖွင့်မယ့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့မှာ ဘရိုက်တန်အသင်းကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ပါရာဂွေးကလပ် လီဘာဒါအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ဂိုမက်ဇ်ဟာ ၂၀၂၃ ဇူလိုင်မှာ အင်တာမိုင်ယာမီအသင်းကို ရောက် ရှိလာခဲ့တာဖြစ်ပြီး ဂိုမက်ဇ်ရောက်ရှိလာမှုအပေါ် ဘရိုက်တန်နည်းပြ ဟာဇယ်လာက ကြိုဆိုသွားခဲ့ပါတယ်။ ဂိုမက်ဇ်က အသက်ငယ်သေးပေမယ့် နိုင်ငံအသင်းမှာရော ကလပ်အသင်းမှာပါ စိတ်လှုပ်ရှားစရာ ခြေစွမ်းကို ပြသ နိုင်ခဲ့လို့ အလုပ်အတူတွဲလုပ်ရမယ့် အရေးအတွက် ပျော်ရွှင်မိပါတယ်လို့ ဘရိုက်တန်နည်းပြ ဟာဇယ်လာက ပြောသွားခဲ့ပါတယ်။

ဂိုမက်ဇ်ဟာ အခုရာသီ မေဂျာလိဂ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ၂၈ ပွဲမှာ ၆ ဂိုး သွင်းယူပေးထားခဲ့သလို ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဥရုဂွေးအသင်းအတွက် ကိုယ်စားပြု ကစားပေးခဲ့တယ်လို့ သိရပါတယ်။